ဗူးဘုရား

      ဗူးဘုရား    




    ဗူးဘုရားသည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့အနီး ဧရာဝတီမြစ် ကမ်းနဖူး၌ တည်ရှိပြီး မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ် စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားသည်။ စေတီပုထိုးအမှတ်မှာ ၁၆၅၇/၉၆၁ ဖြစ်သည်။

                ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့သည်။ ဘုရင်ပျူစောထီးသည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို နှိမ်နင်းခဲ့ရသည်။ ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင် အောင်မြင်သော နေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်း ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်လျက်ရှိကြသည်။


                အခြားရန်သူများကို နှိမ်နင်းရာဌာနများ၌လည်း အထိမ်းအမှတ်အဖြစ် ကျားသတ်ဘုရား၊ရှူးပျံဘုရား၊ ဝက်သတ်ဘုရား၊ငှက်ပစ်တောင်ဘုရား၊ လေးနှင်ဘုရား၊မြားဘုရား၊ သမီးဝှက်ဘုရားများလည်း တည်ထားခဲ့သည်။စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။ ယခုအချိန်၌ ပျူစောထီးလက်ထက်က တည်ထားသော စေတီတော်အဖြစ်မတွေ့ရတော့ဘဲ ခေတ်အဆက်ဆက်နှောင်းလူတို့ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချများဖြင့် တန်ဆာဆင်ထားသော စေတီအဖြစ်တည်ရှိနေသည်။

                 (ထို ဗူးဘုရားနှင့် စပ်လျဉ်း၍ ငှက်ပစ်တောင်အကြောင်းနှင့် ပျူစောထီးမင်းအကြောင်းကိုပါ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါသည်။)ငှက်ပစ်တောင်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ အရှေ့တောင်ဘက် မိုင်ဝက်ခန့်တွင် ရှိသည်။ ဆပ္ပဒဘုရား အလွန် အရှေ့ဘက်လမ်းချိုး၌ရှိသော ဂေါတမရုပ်ပွားတော်ကို ကျော်သွားသည်နှင့် ငှက်ပစ်တောင်ကို တွေ့ရသည်။တောင်အမည်တပ်ခေါ်သော်လည်းပုဂံတစ်ဝိုက်၌ရှိသော တန့်ကြည့်တောင်၊ တုရင်တောင်တို့လောက်မမြင့်ဘဲ ပေ နှစ်ဆယ်၊ သုံးဆယ်မျှလောက်သာရှိသော တောင်ကုန်းမို့မို့မျှသာ ဖြစ်သည်။

နိဒါန်း ဒဏ္ဍာရီ



                 တကောင်းပြည်၌ ခမည်းတော် သတိုးမဟာရာဇာမင်းကြီး(မောင်ပေါက်ကျိုင်း)နှင့်သားတော် ရသေ့မြို့တည် မဟာသမ္ဘာဝတို့သည် ထီးပြိုင်နန်းပြိုင် စိုးစံနေကြသည်။ ယင်းမင်းဆက်မှ ဆင်းသက်လာသော တကောင်းနန်းရိုး သတိုးအာဒိစ္စ သာကီဝင် မင်းသားသည်ပြည်ရွာ မအေးချမ်း၍ မလည်အရပ်၌မထင်မရှား တောင်ယာအလုပ် လုပ်ကိုင်စားသောက်နေသည်။ ထိုမင်းသား၏ မိဖုရားတွင် ကိုယ်ဝန်ရှိလာပြီး နေ့လစေ့သောအခါ သားယောက်ျားလေး တစ်ယောက် မွေးဖွားလာသည်။ မိဘနှစ်ပါးက သူတို့၏သားကို စောထီးဟူ၍ အမည်မှည့်ထားကြသည်။

              စောထီးကို ဆရာရှင်ရသေ့က လေးအတတ်သင်ပေးသည်။ ၁၆ နှစ်အရွယ်ရောက်သောအခါ စောထီးသည် ခမည်းတော်နှင့် မယ်တော်ကို ခွင့်ပန်ပြီးလျှင် ပုဂံပြည်သို့ ထွက်ခွာသွား လေသည်။ ခမည်းတော်က စောထီးအား ရတနာအတိပြီးသော လေးနှင့်မြားကို ပေးလိုက်သည်။ စောထီးသည် ပုဂံပြည်တွင် ပျူအိုလင်မယားထံတွင် နေသည်။ ပျူအို လင်မယား ကလည်း စောထီးအား သားအရင်းတမျှ ချစ်ကြသည်။

           တစ်နေ့သ၌ စောထီးသည် သူ၏ လေးနှင့်မြားကို ယူပြီး တောထဲထွက်သွားမည် ပြုသောအခါ ပျူအိုလင်မယားက “သားစောထီး၊ ဤအရပ်၌ အရှေ့မျက်နှာအရပ်တွင် ဝက်ကြီးတစ်ကောင်၊ အနောက်မျက်နှာအရပ်တွင် ငှက်ကြီးတစ်ကောင်၊ တောင်မျက်နှာအရပ်တွင် ကျားကြီးတစ်ကောင်၊ မြောက်မျက်နှာအရပ်တွင် ရှူးပျံကြီးတစ်ကောင် မင်းမူနေကြ၏။ ယင်းရန်သူကြီးများသည် ပြည်သူများကို ဒုက္ခပေးနေကြ၏။ ပြည့်ရှင်မင်းကြီးသော်မှ မနှိမ်နင်းနိုင်ပေ” ဟု သတိပေးလေသည်။

                          ယင်းရန်သူကြီးများထဲတွင် ငှက်ကြီးက အဆိုးဆုံးဖြစ်သည်။ ငှက်ကြီးကို အစာအဖြစ် တစ်ပတ်လျှင် သမီးကညာ ခုနှစ်ဦး ဆက်ရသည်။စောထီးသည် သူရသတ္တိရှိသည်။မည်မျှပင် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော်လည်း ပုဂံတစ်ခွင်၌ မင်းမူကြီးစိုးနေသော ယင်းရန်သူကြီးများကို လေးနှင့်ခွင်းပြီး နှိမ်နင်းဖျက်ဆီးပစ်လိုက်လေသည်။ ထိုအချိန်က ပုဂံပြည်တွင် စိုးမိုးအုပ်ချုပ်နေသော ဘုရင်မှာ သမုဒ္ဒရာဇ်မင်းဖြစ်သည်။

                 ဘုရင် သမုဒ္ဒရာဇ်သည် စောထီး၏ မျိုးရိုးနှင့် သူရသတ္တိကို သိရှိသွားသည်ဖြစ်၍ သမီးတော် သီရိစန္ဒာဒေဝီနှင့် လက်ထပ်စေပြီး အိမ်ရှေ့အရာပေးလိုက်လေသည်။ သမုဒ္ဒရာဇ် လွန်သောအခါ စောထီးသည် ထီးနန်းမစိုးစံသေးဘဲ သူ့ဆရာရသေ့အား ကျေးဇူးဆပ်သည့် အနေဖြင့် ထီးနန်းလွှဲအပ်သည်။ ထိုဘုရင်သည် ပုဂံသမိုင်းခေတ်ဦး မတိုင်ခင်ကာလ မင်းဆက်တွင် ရသေ့ကြောင်မင်းအဖြစ် ထင်ရှားသည်။ ရသေ့ကြောင်မင်းလွန်မှစောထီး နန်းတက်သည်။ ပျူအိုလင်မယား မွေးမြူစောင့်ရှောက်ထားသောကြောင့် ပျူစောထီးဟု အမည်တွင်သည်။

တည်ထားကိုးကွယ်မှု
            ပုဂံခေတ် အနော်ရထာမင်း အေဒီ (၁၀၄၄-၇၇) လက်ထက်တွင် သထုံမှ ရှင်အရဟံ ပုဂံသို့ကြွလာ၍ အနော်ရထာ မင်းအား ထေရဝါဒဗုဒ္ဓသာသနာကို ဟောကြားခဲ့သည်။ အနော်ရထာမင်းသည် ထေရဝါဒဗုဒ္ဓ သာသနာကို သက်ဝင်ယုံကြည်ကာ ပုဂံပြည်သူ ပြည်သားတို့ကိုလည်း ထေရဝါဒ ဗုဒ္ဓသာသနာ သက်ဝင် ယုံကြည် လာအောင် ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် ရှင်အရဟံ၏ လမ်းညွှန်မှုဖြင့် သာသနာပြုလုပ်ငန်းများသည် များစွာ အရေးပါခဲ့သည်။ အနော်ရထာမင်းသည် ရှင်အရဟံ၏ လမ်းညွှန်မှုဖြင့် အေဒီ(၁၀၅၈) တွင် ညောင်ဦးမြို့ ငှက်ပစ်တောင်တွင် အမြင့်(၁၈) ပေရှိသည့် ဂေါတမ ဗုဒ္ဓရုပ်ပွားတော်ကို တည်ထား ကိုးကွယ်ခဲ့သည်။

              အနော်ရထာမင်း သည် ရှင်အရဟံထံမှ သထုံတွင် ပိဋကတ်သုံးပုံရှိကြောင်း သိရှိရသဖြင့် သံတမန် စေလွှတ် တောင်းခံခဲ့သည်။ အနုဟာမင်းက အနော်ရထာမင်း၏ တောင်းခံချက်ကို မပေးဘဲ မချေမငံတုံ့ပြန်သဖြင့် အနော်ရထာမင်း သည် သထုံကို ချီတက် တိုက်ခိုက် ခဲ့သည်။ သထုံကို တိုက်ခိုက်အောင်မြင်ပြီးနောက် သထုံဘုရင်၊ မိဖုရား၊ မှူးမတ် အခြွေအရံများ နှင့်တကွ ဗုဒ္ဓပိဋကတ်အစုံ သုံးဆယ်နှင့် သံဃာတော် (၁၅၀၀)တို့အား ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ အနော်ရထာမင်းသည် သထုံသံဃာ များ သီတင်းသုံးရန် ညောင်ဦးမြို့ ငှက်ပစ်တောင်အနီးတွင် ဥမင်များ နှင့်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း နှင့် ဝတ္ထုမြေများ လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

                ငှက်ပစ်တောင်ဘုရား သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ အရှေ့တောင်ဘက်ရှိ ငှက်ပစ်တောင်တွင် တည်ရှိသည်။ ငှက်ပစ်တောင်သို့ ဆပဒစေတီအလွန် အရှေ့ဘက်သို့ ချိုးဝင်သော လမ်းအတိုင်း သွားရသည်။ ပုဂံခေတ်ဦး စေတီတော်တစ်ဆူ၏ ပုံဖြစ်၍ ထူးခြားသည်။ ငှက်ပစ်တောင်စေတီအနီးတွင် နာရပတိစည်သူမင်းကြီး တည်ထားလှူဒါန်းခဲ့သော ဥမင်ပေါင်း တစ်ထောင်ကျော်သည်ဟု ဆို၏။
ငှက်ပစ်တောင်စေတီကို ပျူစောထီးမင်းသည် မြန်မာသက္ကရာဇ် ၉၂-ခုနှစ်တွင် တည်သည်။ ငှက်ကြီးကို ပျူစောထီး လေးနှင့် ပစ်နိုင်ခဲ့ရာ ထိုတောင်ပေါ်တွင် စေတီတည်ထားခြင်း ဖြစ်သည်။ ငှက်ပစ်တောင်သည် အမြင့်ပေ ၂၅-ပေမျှသာ ရှိသော တောင်ပူစာလေး ဖြစ်သည်။ဘုရားစေတီအတွင်း၌ ပျူစောထီးမင်း အတ္ထုပ္ပတ္တိ ပန်းချီလက်ရာများကို တွေ့နိုင်သည်။

                           ငှက်ပစ်တောင်ဘုရားအနီးတွင် မြားသဥမင်၊သမီးဝှက်ဥမင်တို့ ရှိသည်။ ငလျင်လှုပ်စဉ်က စေတီထိပ်ပိုင်း ပြတ်ကျသွားခဲ့ရသည်။


Comments

Popular posts from this blog

ဓမ္မရံကြီးဘုရား

စူဋ္ဌာမဏိဘုရား သမိုင်း