စူဋ္ဌာမဏိဘုရား သမိုင်း


စူဋ္ဌာမဏိဘုရား သမိုင်း



                       စူဋ္ဌာမဏိဘုရားသည် နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)၏ ကုသိုလ်တော်ဖြစ်သည်။ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား တောထွက်ပြီးနောက်ရဟန်းဘောင်သို့ဝင်သောအခါ ဆံတော်ကိုပယ်ပြီး

"ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဆိုလျှင် မြေပြင်သို့ပြန်မကျစေသတည်း"ဟူ၍

အဓိဌာန် ပြုကာ ကောင်းကင်သို့ ပစ်တင်တော်မူခဲ့သည်။ ဆံတော်ကို သိကြားမင်းသည် ရတနာရွှေကြုတ်နှင့် ခံယူကာ ဆံတော်ကို ဌာပနာပြီး စေတီတည်ခဲ့သည်။ ထိုစေတီသည် စူဋ္ဌာမဏိဘုရားဖြစ်သည်။


             နရပတိစည်သူမင်းသည် ထိုစေတီ၏ ဘွဲ့အမည်ခံယူကာ သူ၏ကုသိုလ်တော်ကို တည်ခဲ့သည်ဟုလည်းဆိုကြသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီးတွင် -

                 “ပြည်သူလူတကာတို့ စီးပွားကိုဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ်အလို့ငှာ၊လိုဏ်နှစ်ဆင့် ရှိသောကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူဋ္ဌာမဏိဟူသော အမည်ကို သမုတ်တော်၏”

 ဟုလည်းတွေ့ရသည်။

                              မြန်မာရာဇဝင်သမိုင်းတွင် နရပတိစည်သူမင်းသည် ဘေးတော်အနော်ရထာမင်း တည်ထားသော တုရင်တောင်စွယ်တော်ရှင်စေတီကို ဖူးမြော်ရာမှ အပြန်တွင် စူဋ္ဌာမဏိတည်မည့်နေရာ ချောကြီးထဲမှ ပတ္တမြားအရောင်တောက်သည်ကို မြင်ခဲ့သည်။ ထိုနေရာ၌ ကုသိုလ်ကောင်းမှုပြုစေလိုသောကြောင့် နတ်တို့က ညွှန်ပြသည်ဟု ယုံကြည်ကာဘုရားတည်ရန်အတွက် ထိုချောက်ကြီးကို ပြည်သူများအား အပူတပြင်းဖို့စေခဲ့သည်။

                        ထိုအခါ ပြည်သူတို့ကို ကိုယ်စိတ်နှစ်ပါးဆင်းရဲစေသောကြောင့် ပံ့သကူမထေရ်မြတ်က ကောင်းမှုဖြစ်စိမ့်သော ယခုအမူ့သည် မကောင်းမှုသာဖြစ်တော့သည်ဟုဆိုပြီး ဘုရင်လှူသောဆွမ်းကို အလှူမခံပဲ သပိတ်မှောက်ခဲ့သည်။ထိုအကြောင်းကို သိသည့်အခါနရပတိစည်သူမင်းက

“ငါ့ဆွမ်းကို ဘုန်းပေးတော်မမူလိုသော် ငါ့ပြည်တွင်မနေမှ လွတ်တော့မည်၊ ပြည်သူတို့လှူသောဆွမ်းလည်း ငါ့ဆွမ်းမဟုတ်တုံလော” 

             ဟု မိန့်သောအခါ ပံ့သကူမထေရ်သည် သီဟိုဠ်ကျွန်းသို့ ကြွမည်ပြုသည်။ ထိုအကြောင်းများကို ပြည်သူတို့သိကြသည့်အခါစိုးရိမ်ပူပင်မူ့များဖြစ်ကြပြီးဆူညံမူ့များဖြစ်လာကြသည်။ထိုအခါပံ့သကူမထေရ် ပုဂံမြို့သို့ပြန်ကြွလာအောင် တုရင်္ဂပစ္စည်းအမတ်အား ပင့်ဆောင်ခိုင်းရာဆရာတော်သည် သာသနာတော်ရေးဖြစ်၍ပြန်ကြွလာသည်။ဆရာတော်ကြီး ရွှေနန်းတော်သို့ကြွတော်မူသောအခါ ဘုရင်ကြီးက ဆရာတော်ကြီး၏ လက်တော်ကို မ၍ရွှေနန်းတော်သို့ ပင့်ဆောင်လေသည်။ ထို့နောက် ဆွမ်းကပ်ပြီး ဘုရင်ကြီးက 

"တပည့်တော်ရဲ့ အပြစ်ကို တောင်းပန်ပါတယ်ဘုရား၊ ယနေ့မှ စ၍

အရှင်ဘုရားရဲ့ အဆုံးအမကို ခံယူပါတော့မည်ဘုရား"
ဟူ၍ လျှောက်ထားလေသည်။

             ဆရာတော်ကြီးကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်၍ ဆရာ ဒကာ လက်တွဲပြီး ပုဂံသာသနာကို ဆက်လက်ပြုတော်မူကြသည်။ထို့နောက် ဘုရင်ကြီးသညဘုရားတည်ဖို့အတွက် ပြည်သူကိုလည်းမင်းအာဏာဖြင့် မခိုင်းတော့ပေ။မင်းဝန်ထမ်းတို့ဖြင့်သာဆောင်ရွက်လေသည်။ပြည်သူကလည်းလုပ်အားဒါန၊ ပစ္စည်းဒါနတို့ဖြင့်တတ်စွမ်းသမျှ ကူညီကြ၏။

                     ဘုန်းကြီးနှင့် ဘုရင်၊ ဘုရင်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲလိုက်သည့်အတွက်ဘုရားကြီးလည်း ပြီးစီးသွားလေသည်။ထိုဘုရားကို ``စူဠာမဏိဘုရား´´ဟု ကမ္ဗည်း ထိုးလိုက်လေတော့သည်။


                   စူဋ္ဌာမဏိလိုဏ်ဂူ နှစ်ထပ်လိုဏ်ဖြစ်ပြီး ပန္နက်အခြေခံမှာ စတုရန်းပုံဖြစ်သည်။
လေးမျက်နှာမှာလည်း အာရုံခံမုခ်များရှိပြီး အရှေ့ဘက်မျက်နှာ အာရုံခံမုခ်သည် အခြားမုခ်များထက်ပိုပြီး ရှေ့ဘက်သို့ စွန်းထွက်ကာ အလျားရှည်သည်။ အပေါ်ထပ်လိုဏ်ဂူသည် အောက်ထပ်လိုဏ်ဂူကို အောက်ခံပြုတည်ဆောက်ထားခြင်းဖြစ်သည်။ လိုဏ်ဂူတို့၏ အမြင့်မှာ အောက်နှင့်အထက်ညီတူဖြစ်သည်။ လိုဏ်နှစ်ခုစလုံးမှာ ပစ္စယာများ အတိုးအဆုတ်ပြုဆောက်လုပ်ထားသည်။ ထောင့်ကွေးများမှာလည်း ပုထိုးငယ်များ၊ မုခ်၊စုလစ်၊အင်္ဂတေထောင့်ပန်းများ ပါရှိသည်။ ပစ္စယာများမှာ အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသော
စဥ့်ကွင်းများဖြင့် တန်ဆာဆင်ထားသည်။ သို့သော် ကွမ်းတောင်အထက် ထိပ်ပိုင်းတွင်
ပျက်စီးနေခဲ့သည်။

              မြေညီထပ်မှာ အခိုင်အခံ့ဆောက်ထားသည့် အလယ်မဏ္ဍိုင်ရှိပြီး ထိုမဏ္ဍိုင်ကို ပတ်သည့်
စင်္ကြ ံပတ်လမ်းလည်းဆောက်လုပ်ထားခဲ့သည်။ လေးဖက်မျက်နှာတို့မှာလည်း
ပလ္လင်အမြင့်ပေါ်မှာ တင်ပျဉ်ခွေ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုဖူးမျှော်နိုင်သည်။အရှေ့ဘက် အာရုံခံခန်းမမှဝင်လိုက်သည့်အခါ ဂန္ဓကုဋိတိုက်ကိုတွေ့ရပါလိမ့်မည်။
အလယ်မဏ္ဍိုင်တွင် ဘုရားလေးဆူရှိပြီး၊
အရှေ့ဘက်သို့မျက်နှာမူသည့်ဆင်းတုတော်
တည်နေရာသည်
အခြားသုံးဖက်ထက်ပိုကျယ်ကာ
အတွင်းသို့ချိုင့်ဝင်နေသည်။ မဏ္ဍိုင်အတွင်သို့
အခြားဘုရားသုံးဆူထက်ပိုပြီး
နေရာယူထားသည်ကို တွေ့ရှိရသည်။
အခြားဘုရားသုံးဆူမှာ နံရံတွင်
ကပ်ရုံကပ်ထားတာဖြစ်သည်။

ထုထည်ကောင်းသောအုပ်နံရံကပ်အတွင်း
တောင်ဘက်၊ မြောက်ဘက် နှစ်နေရာမှာ
အထက်ပစ္စယာသို့တက်ရန် ကျဉ်းမြောင်းသော
ကြောင်လိမ်လှေကားထစ်များကို
ပြုလုပ်ထားသည်။ ထိုလှေကားမှ
ထွက်လိုက်သည့်အခါ စင်္ကြ ံပတ်လမ်းမှ
အရှေ့ဘက်အပေါ်တက်ရန်အုတ်လေကား
နှစ်ဆင့်ကိုတွေ့ရပါမည်။ ထိုမှ
အပေါ်ဆောင်သို့တက်လိုက်သည့်အခါ
ဂန္ဓကုဋိအတွင်းမှာ ဗုဒ္ဓဆင်းတုတော်ကြီးကို
ဖူးမျှော်တွေ့ရှိရသည်။

ရှေးခေတ် အနုပညာလက်ရာများကို
လေ့လာလိုသည့် သမိုင်းဝါသနာအိုးများအတွက်

အတွင်းစင်္ကြ ံပေါင်းကူးနံရံများ၌
ပုဂံခေတ်ဆေးရေးပန်းချီများကိုတွေ့မြင်နိုင်သည်။
အချို့နေရာများမှာ ကုန်းဘောင်ခေတ်
နံရံပန်းချီများ၊ ထပ်မံရေးဆွဲထားသည်ကို
တွေ့ရသည်။ 


လိုဏ်ဂူကို ခိုင်ခံစေရန်အတွက်
အုတ်များတွင် အချို့နေရာအား
ကျောက်အုတ်ဖြင့်
ညှပ်ကာဆောက်ထားသည်ကိုလည်း
တွေ့ရပါသည်။ ပုဂံခေတ် အင်္ဂတေပန်းတော့
လက်ရာများမှာ
လှပသော ကနုတ်ပန်းများ၊ ပုလဲကုံးများ၊
ဘီလူးပန်းဆွဲ၊ တိုင်ဖုံးစုလစ်ပန်း၊
တံကဲပန်းများကိုလည်း တွေ့မြင်နိုင်သည်။
လိုဏ်ဂူမြောက်ဘက်မုခ် အာရုံခံမှာ စူဋ္ဌာမဏိ
မူလတည်စဉ်က မော်ကွန်းတင်ကျောက်စာကို
တွေ့နိုင်သည်။ ထိုမှတပါးအတွင်းနံရံများမှာ
ပုဂံခေတ် နှင့် နောက်ပိုင်းရေးထားသော
နံရံမင်စာများကိုလည်း လေ့လာနိုင်သည်။ 

တိုက်မအထက်ရှိ
ပစ္စယာဆင့်များမှာ ပုံစံအမျိုးမျိုး၊
အကွက်အမျိုးမျိုးဖော်ထားသော
စဥ့်သုတ်စိန်တန်းများဖြင့်
တန်ဆာဆင်းထားတာကိုလည်း
တွေ့မြင်ရမှာဖြစ်သည်။

ထို့ကြောင့်ပင် ပုဂံရောက်သည့်အခါ
သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သည့်
စူဠာမဏိစေတီကိုလည်း မဖြစ်မနေသွားရောက်
ဖူးမျှော်သင့်သည့်အကြောင်းကို
ဖော်ပြလိုက်ရပါသည်။

Comments

Popular posts from this blog

ဗူးဘုရား

ဓမ္မရံကြီးဘုရား