ဓမ္မရံကြီးဘုရား

ဓမ္မရံကြီးဘုရား သမိုင်း
ဓမ္မရံကြီးဘုရားသည် အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။
ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ ဂူဘုရားထဲတွင်ထုထည် အကြီးမားဆုံး ဘုရားတစ်ဆူဖြစ်သည်။

ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။

နရပတိစည်သူလက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ဝင်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက်

ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရားဟုခေါ်ခဲ့ကြရာမှကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟုလည်းဆိုသည်။

နောက်အဆိုတစ်ခုအရ နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာ သန်လျက် (ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။

ထိုသို့ လုပ်ကြံရာတွင် ကိုယ်ရံတော်များမှ ဓားမရံပေးထားသဖြင့် လုပ်ကြံခံရခြင်းကို အစွဲပြုကာ ဓါးမရံ မှ ဓမရံ ထိုမှတဆင့် ဓမ္မရံသို့ ပြောင်းလဲ အမည်တွင်ခဲ့ သည်ဟုလည်းအဆိုရှိသည်။
ဓမ္မရံကြီးဘုရားသမိုင်းကို ပြောသည့်အခါတွင် ဘုရင်နရသူအကြောင်းမပါလျှင်မပြီးပေ။ထိုနရသူအကြောင်းကို အစပြုပြောရလျှင် အလောင်းစည်သူမင်းကြီးမှ စရပေလိမ့်မည်။
အလောင်းစည်သူမင်းတွင် သားတော် (၂) ပါးဖြစ် သော မင်းရှင်စောနှင့် နရသူတို့အနက် နရသူသည် သားငယ် ဖြစ်သည်။ အလောင်းစည်သူမင်းအား ပဋိက္ခရားမင်းမှ သမီးတော် ဆက်သခဲ့ဖူးသည်။

တစ်နေ့တွင် မင်းရှင်စောသည် ခမည်းတော်အား လာရောက် ကန်တော့သောအခါ ပလ္လင်ထက်တွင် ပဋိက္ခရား မိဖုရားပါ ပလ္လင်ပေါ် အတူထိုင်နေသည်ကို မြင်သော် စိတ်ထဲအောင့်သက်သက် ဖြစ်ကာ မကန်တော့ဘဲ ပြန်ထွက်ခွာသွားပြီး ယခုမန္တလေး ထွန်တုံးရပ်ကွက်ခန့်တွင် နောက်လိုက် နောက်ပါများနှင့် မင်းပြု၍ နေ လေသည်။အသက်ရွယ် တဖြေးဖြေး ကြီးရင့်လာသော အလောင်းစည်သူမင်းသည် နာမကျန်းဖြစ်လာလေသော် နရသူသည် နန်းတော်ဦးရှိ ရွှေဂူကြီးဘုရားသို့ ဖခင်၏ နောက်ဆုံးခရီးအား ဘုရားဖူးစေရန်ဟု လှည့်စားကာ ခေါ်ဆောင်သွားခဲ့သည်။ အလောင်းစည်သူ သတိ ပြန်လည်၍မေးသော် ရွှေဂူကြီးဘုရားပေါ်သို့ ရောက်နေ ကြောင်း ပြန်ဖြေလေသည်။

နရသူသည် ဖခင်ပြန်လည်ကျန်းမာလာလျှင် ဘုရင် ဖြစ်ခွင့်အတွက် ခမည်းတော်နှင့် နောင်တော်တို့၏ အတားအဆီးများ မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်၍ နန်းတက်ခွင့်ကို ဆက်လက်စောင့်နေရမည်ကို စိတ်မရှည်တော့ဘဲ ဖခင်အားထိုဘုရားပေါ်တွင် ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်း နတ်ရွာ စံလေသည်။
ရှင်အရဟံ၏နေရာကို ဆက်ခံသော ပံ့သကူမထေရ်က ပြင်းပြင်းထန်ထန် အပြစ်တင်လေသည်။ ထိုသတင်းသည် မင်းရှင်စောထံရောက်သွားရာ မင်းရှင်စောလည်း ပုဂံသို့ အလုံးရင်းဖြင့် စစ်ချီလာလေသည်။

ထိုအခါ နရသူ သည် ကြောက်ရွံ့လွန်းလှသဖြင့် ပံ့သကူမထေရ်ထံသွား ရောက်ပြီး“အရှင်ဘုရား နောင်တော်ကြီး မင်းရှင်စောဟာတပည့်တော်နန်းလုမှာကို စိုးတဲ့အတွက်ကြည်းကြောင်း ရေကြောင်းနဲ့ ချီတက်လာပါပြီ။တိုင်းပြည်ဟာ မင်းမရှိရင် တစ်နေ့တစ်ရက်တောင်မတင့်တယ်တဲ့အတွက် နောင်တော်ကြီးအားမြင်းတစ်စီး ဓားတစ်လက်နဲ့ အမြန်ကြွပြီးနန်းတက်ဖို့ ခေါ်ယူပေးပါဘုရား။စစ်တပ်နှင့် အတူဆိုလျှင်ကြန့်ကြာနေပါမည် ဘုရား” ဟု အယုံသွင်းလျှောက်တင်သည်။ပံသကူမထေရ်ကမယုံသည့်အတွက် သစ္စာဆိုခိုင်းသည်။နရသူကလည်း နောင်တော်ကြီးအားဓားကိုထမ်းပြီး နန်းတင်ပါ့မည်ဟုသစ္စာဆိုလိုက်သည်။မင်းရှင်စော ပုဂံရောက်သည့်အခါသူ၏ ကတိအတိုင်းသန်လျက်ကို ထမ်းပြီး နန်းတင်လိုက်သည်။ထိုညမှာပင် အစာထဲကို အဆိပ်ခပ်ပြီးမင်းရှင်စောကို လုပ်ကြံခဲ့သည်။ပံသကူမထေရ် ထိုအကြောင်းစုံကိုသိရသည့်အခါမိမိကို ခုတုံးလုပ်သွားသောနရသူအပေါ်မကျေနပ် ၊မင်းရှင်စောသေတာလည်း သူ့ပယောဂမကင်းဘူးဟု ခံစားရသည့်အတွက်မင်းဆိုးမင်းညစ်ဆီမှာ ငါမနေဟုဆိုကာ သီဟိုဠ် သို့ကြွသွားခဲ့သည်။

အဖေကိုသတ် ၊ အစ်ကိုကို သတ်တဲ့အပြင်သာသနာပိုင်ကိုလည်းထွက်သွားအောင်လုပ်သည့်အတွက်ပြည်သူလူထုနှင့်ရဟန်းထုက မကျေနပ်ကြ။ထိုအချိန်က ရဟန်းအင်အားမှာအလွန်ကြီးမားသည့်အတွက် ရဟန်းတို့ပုန်ကန်မှာကို နရသူ ကြောက်သည်။ဒီအတွက်ရဟန်းတော်များကို ရှင်းပစ်မယ်လုပ်သည့်အခါသိဒ္ဓိကာ ဆိုသောအမတ်တစ်ပါးက“သာသနာကို ဖျက်လျှင် ရဟန်းတွေတင်မကပြည်သူကပါပုန်ကန်ပါလိမ့်မည်။ထိုအခါ ပိုပြီး ဆိုးရွားသွားပါလိမ့်မည်။ပြည်သူလူထု စိတ်မဆိုးရအောင်ရဟန်းတွေကို မသတ်ပဲလူထွက်အောင်ကြံပါဘုရား“ဟု အကြံပေးသည်။ဘယ်လိုလူထွက်အောင် လုပ်ရမလဲဟုမေးသည့်အခါ ထိုအမတ်ကပင်“တိုင်းပြည်မှာ ရှိသောမိန်းမများကို အင်္ကျီရှေ့ကွဲထဘီကိုလည်း ရှေ့ကွဲ မလုံခြုံအောင် ဝတ်ခိုင်းဖို့ အမိန့်ထုတ်လိုက်ပါ ၊ ရဟန်းတွေဆိုတာလည်း အာသဝေါ ကုန်ခမ်းသေးတာ မဟုတ်တဲ့အတွက် လူထွက်ကြပါ လိမ့်မယ်” လို့ သံတော်ဦးတင်ခဲ့သည်။ (အင်္ကျီရှေ့ကွဲ ၊ ထဘီရှေ့ကွဲ ဆိုတာ ပုဂံ ခေတ်ကတည်းက ပေါ်ခဲ့သည်)
ထိုအကြံအတိုင်း လုပ်သော် ရဟန်းတစ်ချို့လူထွက်ကြသည်။ သို့သော် အနည်းငယ်သာ ထွက်သည့်အတွက် နောက်ဆုံး၌လူထွက်မလား ၊ အသတ်ခံမလားဆိုကာ တွေ့သမျှရဟန်းများကို ဖမ်းဆီး၍အတင်းအကျပ်လူထွက်ခိုင်းသည်။ရဟန်းတို့ကလဲလူမထွက်ပဲ အသေသာ ခံသွားကြသည်။ထိုသို့နှင့်ပုဂံ၌ရဟန်းဆိုတာ ရှားသွားခဲ့သည်။ဒီ့အတွက်ရဟန်းရှင်လူ ပုဂံပြည်သူများသည် နရသူအား မုန်းတီးရွံရှာကြလေသည်။ ပုဂံသူပုဂံသားများသည် ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ် စဉ်းလဲသည့် နရသူဘုရင်အား မနှစ်မြို့၍ ရှောင်ကွင်းကြသည်။
နရသူကလည်း သူ့ကိုမုန်းမှန်း သိတဲ့အတွက် ပိုမိုရက်စက်စွာအုပ်ချုပ်ခဲ့သည်။ အမြင်မကြည်သူ မှန်သမျှကိုလည်း သတ်ဖြတ်ပစ်သည်။ထို့ကြောင့်ပင် နရသူမင်းလက်ထပ်၌ သာသနာ ဆုတ်ယုတ်ခဲ့သည့်အပြင်တိုင်းပြည်ကလည်း အလွန်ဆင်းရဲခဲ့သည်။

.. နရသူသည် မင်းဖြစ်သွားပြီး နောက် ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်ရင်းအတိတ်ကပြုလုပ်မိခဲ့သော မဟာအမှားများကြောင့် နေမထိ ထိုင်မသာ ခြောက်အိပ်မက်တို့ မက်လာသည်။

သုန်မုန်စွာဖြင့်နေထိုင်ရင်း မိမိမှားပြီဟု နောင်တကြီးစွာ ရလာလေသဖြင့် နောက်ဆုံး ဓမ္မရံကြီးဘုရားအား (1170) ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဘုရား အဆောက်အဦးအတွက် အရေးကြီးသဖြင့် နရသူ ကိုယ်တိုင် ကြပ်မတ်စစ်ဆေးသည်။ ။
တည်ရာမှာ အခြားဘုရင်များထက် ပိုမိုသာအောင် ၊ အကြီးမားဆုံး ဖြစ်အောင် တည်လိုသည့်အတွက် ကိုယ်တိုင် အစေ့စပ်ဆုံး စစ်ဆေးတော်မူခဲ့သည်။ ပန်းရံ ဆရာများ ဆောက်ပြီးသမျှကို အပ်တစ်ချောင်းဖြင့် အုတ်ကြားတွင်ထိုးကာ အပ်ထိုး၍ဝင်လျှင် ထိုပန်းရံဆရာကို ထိုနေရာ မှာပင် ကွပ်မျက်ပစ်သည်။တချို့ ကမူ ပန်းရံ ဆရာကိုခေါ်၍ လက်ဖြတ်လေသည်ဟုဆိုသည် ။ပန်းရံဆရာတို့ မည်မျှလက်ဖြတ်ခံခဲ့ရသည်ကို အောက်ခံကျောက်တုံးက သက်သေပြနေသည်ဟု ဆိုခဲ့ကြသည်။

ပညာရှင်များကမူ မျက်နှာပြင်ကြက်ခြေခတ်ပါ ကျောက်တုံးသည် ပန်းရံဆရာများကို လက်ဖြတ်သည့် ကျောက်တုံးမဟုတ်ဘဲ တံခါးတပ်ရာတွင် သံကွင်းအား ချုပ်ကာ နံရံအတွင်း မြှပ်ရန် တံခါးကွင်း ချုပ်ကျောက် သာဖြစ်သည်ဟုဆိုကြသည်။ ဒီ့အတွက် ပန်းရံဆရာများမှာ ပို၍ပင်ပန်းကြသည့်အပြင် လူအင်အားကလည်း တစ်စတစ်စ နည်းပါးလာသည့်အတွက် ဘုရားကြီးမှာ မပြီးဆုံးခဲ့ပေ။

ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစီမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားသည်။
ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ်
ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများဖြင့် ခိုင်မာအောင် ပြုလုပ်ထားသည်။
(ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။)
ဘုရား၏အနောက်ဘက်တွင် ဖခင်အလောင်းစည်သူမင်းနှင့် အစ်ကိုတော်မင်းရှင်စောတို့အား ထီးနန်းရယူလို၍ သတ်ခဲ့ခြင်းအပေါ် နောင်တရ၍ မိမိအကုသိုလ်ကျေစေရန်ရည်ရွယ်ချက်လားမသိ ပလ္လင်တခုထဲပေါ် ဘုရားနှစ်ဆူယှဉ်၍ ပူဇော်ထားခဲ့ပါသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြန်ပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြန်ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြန်ပတ်လမ်း အတွင်းမှ
အတွင်း စင်္ကြန်သို့ ဝင်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။

အတွင်းလှိုင်ပတ်လမ်းကို အဘယ်ကြောင့်ပိတ်ခဲ့သနည်းဆိုသည်ကား ယနေ့အချိန်ထိ မည်သူမျှ မသိနိုင်ပေ။

ဓမ္မရံကြီးဘုရားသည်အာနန္ဒာဘုရားလို အောက်ခြေဖောင်ဒေးရှင်ကို နက်နက်တူးထားခြင်းမျိုးမဟုတ်ဘဲ ပန္နက်အခြေ ၄ပေကျော် ၅ ပေခန့်သာ တူးထားသဖြင့် အလွန်ကြီးမားသည့် ကျောက်တုံးကြီးကို မြေကြီးပေါ်တင် ထားသည်နှင့် တူသည်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

ထုထည် အင်မတန်ကြီးသည့်အတွက် ဓမ္မရံကြီးဘုရားသည် နှစ်တွေကြာရှည်ခဲ့သည်တိုင်အောင် အထက်စေတီနှင့်အထွတ်သာ ပျက်စီးပြီး အတွင်းပိုင်းမှာ နဂိုအတိုင်းတည်ရှိသဖြင့် ပုဂံခေတ်လက်ရာကို ရှေးမူမပျက်လေ့လာနိုင်ပါသည်။


Comments

Popular posts from this blog

ဗူးဘုရား

စူဋ္ဌာမဏိဘုရား သမိုင်း