အာနန္ဒာဘုရား

                 

             အာနန္ဒာဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ စေတီပုထိုးအမှတ်မှာ ၂၁၇၁ ဖြစ်သည်။ အာနန္ဒာစေတီကို ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် (အေဒီ ၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။
ကျန်စစ်သားမင်းလက်ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာများကြွရောက်လာသည်။ထိုရဟန္တာအရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီကိုတည်တော်မူသည်။ပုဂံပြည့်ရှင်ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်သော အာနန္ဒာဘုရားသည် ပုဂံဘုရား များအနက် အလွန်တရာ အချိုးအစားကျန လှပတင့်တယ်၍ ချီးကျူးဖွယ် အကောင်းဆုံးသော ဘုရားတစ်ဆူဖြစ်သည်။ ရှေးမြန်မာ့ဗိသုကာပညာ၏အပြောင်မြောက်ဆုံးသော လက်ရာကို အာနန္ဒာဘုရား၌ တွေ့ရ သည်။ ထိုဘုရားသည် စေတီဘုရားမဟုတ် ဂူဘုရားဖြစ်သည်။ ပုဂံမြို့ သရပါတံခါး၏ အရှေ့ဘက်အနီး၌ တည်ရှိလေသည်။ (အနုမှာ အာနန္ဒာ၊ထုမှာဓမ္မရံဟု မှတ်တမ်းတင်ထားကြသည်။)

အာနန္ဒာဘုရားသမိုင်း
ဒဏ္ဍာရီလာဘုရားသမိုင်း

==================
                       ကျန်စစ်သားမင်းတရားသည် အနော်ရထာ၏ကုသိုလ်တော်ဖြစ်သော ရွှေစည်းခုံစေတီတော်ကို ထပ်မံမွမ်းမံ၍ အပြီးသတ် တည်ဆောက်ပြီးလေသော် အကြံတစ်ခု ဖြစ်ပေါ်သည်။ ထိုအကြံကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမဘုရားရှင်တို့အား ရည်စူး၍ ဂေါတမ ဘုရားရှင်၏ အရပ်တော် ၁၈ တောင် ပမာဏဖြင့် ရပ်တော်မူဟန် လေးဆူသောရုပ်ပွားတော်များကို ထုလုပ်ပူဇော်လိုသော အကြံဖြစ်ပေသည်။ ထိုလေးဆူသော ရုပ်ပွားတော်များကို ကိုးကွယ်ပူဇော်ထားရန် အဘယ်သို့သော ပုံသဏ္ဌာန်ရှိသည့် အဆောက်အအုံဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် တည်ဆောက်ကိုးကွယ်ရအံ့နည်းဟု ကြံစည်တွေးတောနေတော်မူခဲ့လေသည်။


                        ထိုအတွင်း၌ပင် ရဟန္တာရှစ်ပါးတို့သည် မင်းကြီးနန်းတော်၌ ဆွမ်းရပ်လာကြသည်။ မင်းကြီးလည်း ကြည်ညိုစွာဖြင့် ဆွမ်းလုပ်ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်းလျှောက်ထားသော် (ဟိမဝန္တာ အရပ်) ဂန္ဓာမာဒနတောင်မှ ကြွလာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည် အရှင်မြတ် တို့အား အလွန်သဒ္ဓါကြည်ညိုလှသဖြင့် ဝါဆိုကျောင်းဆောက်၍ လှူပြီးလျှင် ဝါတွင်းသုံးလပတ်လုံး နန်းတော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ တစ်ရံခါသော် ကျန်စစ်သားမင်းတရားက အရှင်မြတ်တို့အား အရှင်မြတ်တို့ သီတင်းသုံးခဲ့ရာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလ လိုဏ်ဂူကို တန်ခိုးတော်ဖြင့် သဏ္ဌာန်တူစွာပြု၍ ပြတော်မူရန် လျှောက်တောင်းပန်သည်။

                  အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတော်မူသော် နန္ဒမူလလိုဏ်ဂူ၏ တင့်တယ်သော အသရေကို မင်းတရားကြီး အလွန်တရာ နှစ်သက်ကြည်ညိုခြင်း ဖြစ်သည်။ ထိုကြောင့် မူလ ရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူတို့ စံပယ်ရန် နန္ဒမူလလိုဏ်ဂူသဏ္ဌာန် ကောင်းမှုတော် တစ်ဆူကို တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံတော် ဖြစ်သည်။

              ရဟန္တာအရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထား တောင်းပန်သည်။မထေရ်မြတ်တို့ကလည်း သဘောတူညီကြသဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ်(ခရစ် ၁ဝ၉၁ ခုနှစ်)အတွင်း၌ပင် အာနန္ဒဘုရားကို စတင် တည်ဆောက်ရန် စီမံလေသည်။

                  ကျန်စစ်သားမင်းသည် မိမိ၏ကောင်းမှုတော်ကို သာသနာအနှစ် ၅ဝဝဝ တည်စေရန် ရည်ရွယ်သဖြင့် မည်သည့်အရပ်၌ တည်ဆောက်ရအံ့နည်းဟု ဆင်ခြင်သည်။ ထိုအခါ သိကြားမင်း ကြွလာလတ်၍ ဘုရားတည်ဆောက်ရမည့်အရပ်ကို ညွှန်ပြသည်ဟုဆိုသည်။ မင်းတရားကြီးလည်း ထိုအရပ်၌ ဧရာဝတီမြစ်ရေ တိုးစေကာမူ မိမိ၏ကောင်းမှုတော် မပါနိုင် မပြိုနိုင်စေရန်၊ မြေကို အစောက် သံတောင် ၆ဝ ရေတွက်အောင် တူးစေပြီးသော် ရေမှ သံတောင် ၃ဝနဂါးရစ်ကျောက်တို့ကို တည်ခင်းစေ၏။ထိုကျောက်တို့၏ အထက်၌ကား ဌာပနာအံ့သောငှာ သံတောင် ၃ဝ ရှိ ဥမင်တိုက်ကို ဆောက်စေသည်။

              မင်းတရားကြီး၏ ကောင်းမှုတော်အတွက် ဆောင်ရွက်ရသော ပန်းရံတို့ကား ဗိသုကာလေးရာ၊ ကံကျွေး လေးသောင်းဖြစ်၍ လက်ခမှာ ရွှေစင်လေးသိန်းပေးရသည်။ ရဟန္တာအရှင်မြတ်တို့လည်း ဌာပနာတိုက် ဆောက်လုပ်ရာ၌ ကူညီကြသည်။ထိုအရှင်မြတ်တို့အပြင် သီတင်းသုံးဖော်အခြားသောရဟန္တာအရှင်မြတ် တို့ကလည်း ဝိုင်းဝန်းကြသဖြင့် ထိုကောင်းမှုတော်တည်ဆောက်ရာ၌ ကူညီဝိုင်းဝန်းကြသော ရဟန္တာလေးကျိပ်လေးပါးရှိသည်။

              ကောင်းမှုတော်၏ တစ်မျက်နှာလျှင် ရဟန္တာတစ်ကျိပ်စီ စောင့်ရှောက်ကြသည်။အခြား ရဟန္တာ လေးပါးတို့ကမူ နန္ဒမူလလိုဏ်ဂူသို့ ကြွရောက်၍ လိုဏ်ဂူ၏ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာ တစ်ခုစီ၌ လိုဏ်ဂူ၏ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာတစ်ခုစီ၌ ကြီးကြပ်နေတော်မူသော ရဟန္တာ တို့ကိုလည်းကောင်း၊ ဗိသုကာလေးရာတို့တွင် အကြီးဖြစ်သော ဗိသုကာလေးယောက်တို့ကို လည်းကောင်း ညွှန်ကြားပြသပေးကြသည်။

          ဝိသကြုံနတ်သားကမူ လေးမျက်နှာလုံးကို လှည့်လည်ကြည့်ရှု စီရင်သည်ဟု ဆိုသည်။ထိုပြင် ဗိသုကာအကြီး လေးယောက်တို့၏နှလုံးတွင် သူရဿတီ နတ်သမီး ဝင်ရောက်နေသည်ဟုလည်း ဆိုကြသည်။

အောက်ဌာပနာတိုက်
=================

                ဌာပနာတော်တိုက်အတွင်း၌ သွင်းထားပူဇော်အပ်သော ဓာတ်တော်များကား ဂေါတမဘုရားရှင်၏ လက်သန်းဓာတ်တော်တစ်ဆူ၊သွားတော်ဓာတ်တော်တစ်ဆူ၊ပုဆစ်ခုန်ညင်းဓာတ်တော်တစ်ဆူ၊လည်ရိုးတော် တစ်ဆူ၊ဦးခေါင်းဓာတ်တော်တစ်ဆူ၊ပါးစောင်ဓာတ်တော်တစ်ဆူ၊ ဆံတော်ဓာတ်တော်တစ်ဆူတို့အပြင် သရီရဓာတ်တော် အစစ်ချည်း ၃ဝဝ ကျော်တို့နှင့် သင်းပိုင်တော် တို့လည်း ပါဝင်သည်။ယင်းဓာတ်တော် မွေတော်တို့ကို ပဲနောက် အဆင်းရှိသော ကျောက်ခွက်ဖြင့် အပြည့်ထည့် ပြီးသော်၊ ရွှေစင် သုံးသိန်းဖြင့်သွန်းအပ်သော ဓာတ်တော်ကြုပ်၌ တစ်ဖန်ထည့်၍ ရတနာပန်းတောင်းထက်၌ ထားသည်။

                ဌာပနာတိုက်အတွင်း၌ ကြေးဘုရားဆင်းတုတော်ရှိရာ၊ ထိုရုပ်ပွားတော်၏ အထက်အောက်၌ ရွှေစင်ဖြင့် သွန်းအပ်သော အရုပ်များရှိသည်။ ထိုရွှေစင်ရုပ်များကား ငရမာန်ကာန်းကို မုဆိုး လေးနှင့်ပစ်ဟန်၊ငရမာန် ကာန်း သေဟန်၊ ကျန်စစ်မင်းကြီးဘုရားတည်မည့်အရပ်ရွေးဟန်၊ သိကြားမင်းက ညွှန်ပြဟန်၊ ထို့နောက်ဂေါတမဘုရားအလောင်းတော် တောထွက်တော်မူသည်မှ ပရိနိဗ္ဗာန်ပြုတော်မူသည်အထိ ဗုဒ္ဓဝင်ခန်းများလည်းပါဝင်သည်။ ထိုရုပ်လုံးများ သွန်းလုပ်ရာ လူတို့အား နရတောင်မှ နတ်တို့ကကူညီသည်ဟု ဆိုသည်။             
                ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် ပြုလုပ်ထားသောရုပ်တုတော်သည် အနောက်ဘက်သို့ မျက်နှာမူလျက် ကြေးဘုရားအောက်၌ တည်ရှိသည်။နေရဗာန်ဘုရား၏ ခေါင်းရင်းဝယ် ရွှေစင်ငါးသောင်းအကုန်ခံ၍ ပြုလုပ်ထားသော ဆင်းတုတော်ကား မလ္လာယုကျွန်းမှသာရစန္ဒရ သရက္ခာန်သား အနှစ်ဖြင့် ထုလုပ်ထား သည်။
              ဌာပနာတိုက်အတွင်း အနောက်မျက်နှာ၌ကား နေရဗာန်ဘုရား၊ အရှေ့၊ တောင်၊ မြောက်သုံးမျက်နှာ တို့၌ကား ထက်ဝယ်ဖွဲ့ခွေ ဆင်းတုတော်တစ်ဆူကျစီ ရှိသည်။ ရွှေစင်ဖြင့် သွန်းအပ်သော ရဟန္တာရုပ်ပွား၊ကျန်စစ်သားမင်းကြီး၏ ရုပ်တုများလည်း လက်ဝဲ၊ လက်ယာ လေးမျက်နှာလုံး၌ ထားပေးသည်။ ထို့ပြင် ဘုရားသခင် စင်္ကြန်ကြွတော်မူခန်း၊သာသနာတည်သမျှ အရိယာရဟန်းတို့ စည်းဝေးဟန်၊ ရှင်အရဟံနှင့် အာနန္ဒာဘုရား တည်ဆောက်ရာ၌ ကြပ်မတ်ပေးကြသော ရဟန္တာတို့၏ စည်းဝေးဟန်တို့ကိုလည်းရွှေစင်ဖြင့် သွန်းထားသည်။ရနိုင် သမျှသော ပိဋကတ်၊ ဓမ္မသတ်၊ မန္တာန် စသည်တို့ကိုလည်း ဌာပနာတိုက်အတွင်း၌ ထည့်သည်။ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းထားသော ရွှေတုံး၊ ငွေတုံးတို့ကား ရှစ်ဆယ့်ရှစ်တုံးရှိရာတစ်တုံးလျှင် အချိန်သုံးသောင်း သုံးရာ သုံးဆယ့်သုံးကျပ် သုံးမတ်သားစီရှိသည်။ မိကျောင်းရုပ်ကိုနဖားထွင်း ပြီးလျှင် ရွှေတုံးကို ငွေကြိုး၊ငွေတုံးကို ရွှေကြိုးဖြင့် သီထားသည်ဟုဆိုလေသည်။

               ဌာပနတိုက်၏ မုခ်လေးမျက်နှာ၌ ဆီမီးလေးတိုင် ပတ္တမြားလေးလုံးတို့ တည်ရှိရာ၊ ယင်းပတ္တမြား တို့၏ အရောင်သည် နေရောင်၊ လရောင်၊ ဆီမီးရောင် ကဲ့သို့ ဌာပနာတိုက်အတွင်း ထွန်းလင်းလျက်ရှိသည်။ မြတ်စွာဘုရား၏ ဓမ္မစကြာတရားဟောသံကို ယန္တရားဆင်၍ ဖန်တီးစီရင်ထားရာ၊ ကရဝိတ်ငှက်၏ ကြွေးကြော်သံကဲ့သို့ အလွန်တရာ သာယာလှသည်။ ထိုအသံကို နတ်ဗြဟ္မာတို့က ကောင်းချီးပေး၍ ခရုသင်း မှုတ်သံ၊စည် ၊စောင်းငြင်းတီးမှုတ်ဟန်တို့ကိုလည်း စီရင်ထားရာ၊ ဌာပနာတိုက်အတွင်းအသံသဲသဲ မြည်နေသည်။

                နတ်တို့ လက်ပန်းပေါက်ခတ်ဟန်၊ပန်းပေါက်ပေါက်ကြဲဟန်တို့ကိုလည်းကောင်း၊ ဂန္ဓမာဒနတောင်၊ နန္ဒ မူလလိုဏ်ဂူဝ၌မဉ္ဇူသက သစ်ပင်အောက်ရှိ ဂန္ဓကုဋီတိုက်၌ ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့အား နတ်တို့က ဒန်ပူကပ်ဟန်၊ ဇေတဝန်ကျောင်းတော်၌ ရှင်အာနန္ဒာက ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသည့်အခါ သာဓုကီဠနသတ္တာဟ၊စိတကသတ္တာဟ၊ ဓာတုပူဇာ သတ္တာဟတို့နှင့်ဓာတ်တော်ဝေခန်းတို့ကိုလည်းကောင်း ရွှေစင်ရုပ်များ သွန်းလုပ်ထားသည်။

                သင်္ဂါယနာသုံးတန် တင်ဟန်၊ ပျူစောထီးမင်းသည် ဝက်ကြီးစသော ရန်သူများကို အောင်နိုင်ဟန် အရုပ်များကိုလည်း ရွှေစင်ဖြင့် သွန်းလုပ်ထားသည်။ထိုပြင် ရွှေဆင်းတုချည်းတစ်ထပ်၊ ငွေဆင်းတုချည်းတစ်ထပ်၊ လက်ဝဲ လက်ယာရံ တို့နှင့်တကွ သွန်းလုပ်ထားသေးသည်။

              ဌာပနာတိုက်အတွင်းရှိ ကောင်းမူတော်အစုစုကို ရွှေကွန်ရက်၊ ငွေကွန်ရက်၊ ပုလဲကွန်ရက်၊ ကြေးကွန်ရက်၊ စန္ဒကူးသရက္ခာန်ကွန်ရက်ဖြင့်ရံထားသည်။ ဌာပတိုက်၌ သွင်းအပ်သော ရုပ်လုံးရုပ်ပွားများကို ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်ထားလေသည်။ ပြည့်ရှင်မင်းကြီးက မရေမတွက်နိုင်သော ရွှေငွေ ရတနာတို့ကို အကုန်ခံ၍ ကုသိုလ်ပြုသည်ကို မြင်တွေ့ရသော ပြည်သူလူထုကလည်း ကြည်ညိုသဒ္ဓါတရား ဖြစ်လာကြပြီးလျှင် များစွာသော ပစ္စည်းဥစ္စာတို့ကို ထည့်ဝင် လှူဒါန်းကြသည်။ မင်းကြီးသည် ဌာပနာတိုက် အတွင်းလှူဒါန်းပူဇော်ထားသော ကောင်းမှုအစုံစုံကို ရှုမြင်တော်မူရလျှင် သဒ္ဓါစိတ်လွန်ကဲကာ ပီတိသော မနဿစိတ် အလွန်ဖြစ်ပွားပြီးလျှင် ဌာပနာတိုက်ကို မပိတ်မိဘဲ ရှိနေသဖြင့် ရဟန္တာအရှင်မြတ်များက တရားဟောကြားကာ ဌာပနာတိုက်ကိုပိတ်စေရသည်။

ယန္တရားစက်များ
===========

                 အဖိုး အတိုင်းမသိသော ဌာပနာ ရတနာများကို ကာကွယ်သောအားဖြင့် ခြငေ်္သ့စက်၊ ကျားရဲစက်၊ နဂါးစက်၊ ဂဠုန်စက်၊ ခွေးရဲစက်၊ ဆိတ်ရဲစက်၊ နွားရဲစက်၊ ကျွဲရဲစက်၊ စိုင်ရဲစက်တို့ကိုလည်း ဌာပနာတိုက်၏ တံခါးအထက်၌တန်အောင်ထားသည်။ တံခါးရွက်ကား အဖိုးအတိုင်း မသိထိုက်သည်။ တံခါးတွင် ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရားများထားသည်။ ထိုများစွာသော ဘုရားတို့ကို ချီနိုင်မှသာလျှင် တံခါးကို ဖွင့်နိုင်မည်။ တံခါးတစ်ခုပွင့်လျှင် တံခါးအကုန် ပွင့်နိုင်အောင်စီရင်ထားလေသည်။

အထက်ဌာပနာတိုက်
==============

               ဖော်ပြခဲ့သောမြေအောက်ဌာပနာအပြင်အထက်ဌာပနာတိုက် ၌လည်း မြတ်စွာဘုရား၏ရုပ်ပွားတော် များကို ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံ၍သွန်းလုပ်လှူဒါန်းသည်။ ရွှေလှေနှင့်မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာသည်။ မင်းများ အသုံးအဆောင်ဖြစ်သော စောင်းငြင်းတူရိယာ တို့ကိုလည်း တီးသူ လူရုပ်နှင့်တကွလည်းကောင်း၊ နတ်သားရုပ်တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည်ပျူစောထီး စသော ရှေးဘေးလောင်းတော် ဘိုးလောင်းတော် မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်၊ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ဘုန်းကံကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လက်ဆောင် ပဏ္ဏာဆပ်သလာသမျှတို့ကို စွန့်တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိသော ကောင်းမှုတော်ကို စီရင်စေလေသည်။

ဘွဲ့အမည်တော်
==============


                မင်းတရားကြီး၏ ကောင်းမှုတော်သည် ဘုရားရှင်၏ အနန္တပညာကို ရည်မှတ်ပူဇော်ခြင်း ဖြစ်သဖြင့် အနန္ဒာဘုရားဟု ဘွဲ့မည်တပ်ခဲ့သော်လည်း ကာလကြာမြင့်သော် အာနန္ဒာဘုရားဟု ခေါ်တွင်ခဲ့လေသည်။နန္ဒမူလပုဒ်မှ အာနန္ဒာသို့ စကားရွေ့လျားလာသည်ဟူသောအယူအဆလည်း ရှိသည်။

ဗိသုကာ လက်ရာများ


စေတီပုံစံ


                 အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံတည်ဆောက်ထားသည့် စေတီဖြစ်သည်။
ပုဂံခေတ် ဂူဘုရားများအနက် ဉာဏ်တော် မမြင့်မားလှသော်လည်း ထုထည်မသေးပဲ
အချိုးအစား ပြေပြစ်လှပသောဘုရားတစ်ဆူ
ဖြစ်သည်။အောက်ခြေ ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ၁၆၈ ပေမြင့်ပြီး၊အနံတစ်ဖက်လျှင် ၂၈၉ ပေ ရှိသည်။အောက်ခြေတွင် လေးထောင့် ကုလားကျောင်းခံထားသည်။ ကုလားကျောင်း၏ အလယ်၌
အုတ်ဖြစ်ပြီးသော ကန့်ကူဆံတုံးခေါ်မဏ္ဍိုင်ကြီးရှိရာ ဗဟို၌ ထုကြီး ထည်ကြီးဖြင့် တည်ဆောက် သော အိန္ဒိယ ဂူဘုရားများနှင့် ရှေးအီဂျစ်တို့၏ ပိရမစ်ကြီးများ တည်ဆောက်ပုံသဘောမျိုး ဖြစ်သည်။

ပန္နက်ပုံစံ


              ကုလားကျောင်းမှ လေးဘက်မျက်နှာသို့ အာရုံခံမုခ်တစ်ခု အသီးသီးထုတ်ထားပြီးလျှင်အလယ်မဏ္ဍိုင် ကြီး၏ ပတ်လည်၌ အတွင်းထပ်အပြင်ထပ် စင်္ကြံနှစ်ထပ် ရှိသည်။အောက်ခြေပန္နက် (Foundation) သည်ရှေးခေတ် ဂရိလူမျိုးတို့၏ သောတ္တိက၊ သို့မဟုတ် ထောင့်ရှစ်ထောင့်ပါသည့်ကြက်ခြေ ပုံစံ (Greek Cross) ဖြစ်သည်။ အောက်ခြေအတောင် ၆ဝ အနက်ထိအောင်တူးထားကာ အနက် အတောင် ၃ဝ ကို နဂါးရစ်ကျောက်အမျိုး အစားဖြင့် အုတ်မြစ်ချထားသည်။

            ကျန်အတောင် ၃ဝ ကို ကျောက်သေတ္တာပုံစံပြုလုပ်ကာ ဘုရား ဆင်းတုတော်၊ ဓာတ်တော်၊ ရွှေ၊ကျောက်သံပတ္တမြားများကိုထည့်သွင်းကာ ဌာပနာထားသည်။ ထိုပြင် ခရစ်ခုနစ်ရာစုနှစ်၊သို့မဟုတ် ရှစ်ရာစုနှစ်က ယခု ဗင်္ဂလားပြည်နယ်၊ ပဟာပူရ၌ရှိခဲ့သော ဘုရား တန်ဆောင်းတစ်ခု၏ ပန္နက်ပုံနှင့် အာနန္ဒာ၏ ပန္နက်ပုံသည်ဆင်ဆင်တူကြောင်း တွေ့ရလသည်။ကုလားကျောင်း၏ အလယ်ကို ဖြတ်သွားသောကြက်ခြေခတ်မျဉ်းတန်းနှစ်ခုသည် ပေ ၂ဝဝ စီရှည်လျားသည်။

              ယင်းမျဉ်းတန်းနှစ်ခုနှင့်ပြိုင်လျက်အတွင်းထပ် အပြင်ထပ် စင်္ကြံနှစ်ခုမှလိုဏ်ကြီးလိုဏ်ငယ်တို့ တန်းလျက်ရှိ ကြသည်။ ကုလားကျောင်း၌လည်းကောင်း၊အာရုဏ်ခံမုခ်များ၌ လည်းကောင်း၊ရိုးရိုးလေသာ ပြတင်းများကို မသုံးဘဲပဲပေါင်းချွန်း တန်းမုခ်ဝနှင့် မုဒ်ပြတင်းများကို အသုံးထားသည်။ ကုလားကျောင်း၏ နံရံသည် ၃၅ ပေ အမြင့်ရှိပြီးလျှင် မုခ်ပြတင်း နှစ်ဆင့်ဖြင့် ဆင်ယင်ထားသည်။ ထိုပြတင်းများ အတွင်း အပြင်စင်္ကြံများ၏လိုဏ်ကြီးလိုဏ်ငယ်များမှ လည်းကောင်း အလင်းဝင်ရောက်နိုင်သဖြင့် လိုဏ်ဂူကဲ့သို့သော ကုလားကျောင်းစေတီ၏ အတွင်းပိုင်း၌ မှောင်ခြင်းမရှိချေ။ ပြတင်းနှင့် လိုဏ်ကြီးလိုဏ်ငယ်၁၄ဝ ကျော်တို့မှ ညင်းညင်းသာသာ တိုက်ခတ်သော လေအေးလေသန့်တို့အဝင်အထွက် ရှိနိုင်သဖြင့် ဂူဘုရားအတွင်း ကောင်းမြတ်မျှတသော ဥတုသပ္ပါယကိုဖြစ်စေပေသည်။

အတွင်းတည်ဆောက်ထားပုံ
==============


              အရှေ့၊ အနောက်၊ တောင်နှင့် မြောက်အရပ်လေးမျက်နှာတွင် မုခ်ဦးတစ်ခုစီဖြင့် မုခ်ဦး လေးခုရှိသည်။ အလယ်မဏ္ဍိုင်အရပ်လေးမျက်နှာတွင် ပွင့်တော်မူပြီးဖြစ်သော ဘုရားလေးဆူအားရည်မှန်းကာ ဘုရားလေးဆူ ထားရှိသည်။ တဆူလျှင် ၁၈ တောင်မြင့်သည်။

(ဘုရား၏ အာဝေဏိကဂုဏ်တော်ကိုဖော်ညွှန်းလို၍ ဖြစ်မည်ထင်သည်။)
အထက်ဘက်နားတွင် ပစ္စယာ၊ လျှောက်လမ်း၊ အတွင်းစင်္ကြ၊ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက် ထားသည်။ ထိုသို့ စင်္ကြများ ထည့်သွင်းထားသဖြင့် အတွင်းပိုင်း မှောင်မည်ကို အလင်း ဝင်ပေါက်များဖြင့် သဘာဝအလင်းပေးထားသည်။ မုခ်ဦးမှ တံခါးများပိတ်ထားပါကဘုရားအတွင်းပိုင်း လင်းနေအောင်ဆောင်ရွက်ထားသည့်အနုပညာမှာလက်ရာမြောက်လှပါသည်

                အတွင်းပတ်လမ်း တလျှောက် တစ်နေရာမှ တစ်နေရာသို့ ကူးသည့်နေရာများတွင် တံတားခုံများဖြင့် ဆက်သွယ်ထားသည်။ထိုတံတားခုံများကို သစ်တစ်ခုမပါ၊ သံတစ်ချောင်းမပါဘဲ အုတ်များဖြင့်သာ ဆက်၍ ခုံထားသည်မှာ လက်ရာ မြောက်လွန်း လှသည့် မြန်မာ့ဗိသုကာ လက်ရာဖြစ်သည်။ ကျောက်နှင့် စပါးခွံပါသော အုတ်တို့ကို တစ်လှည့်စီ မြေပြင်မှ ထောင်ကာ တိုးစီသွားပြီ အပေါ်တွင်Key stone ခေါ် သပ်အုပ်တစ်ခုကိုရိုက်သွင်းခြင်းဖြင့် ပိုမိုခိုင်ခံ့စေသောဗိသုကာပညာကိုထည့်သွင်းထားသည်။

ရပ်တော်မူဆင်းတုတော်လေးဆူထုလုပ်ထားရှိပုံ
===============


တောင်အရပ် - ဟိမဝန္တာမှ ရရှိသော ထင်းရှူးသားဖြင့် ထုလုပ်ထားသော ကဿပမြတ်စွာဘုရား


မြောက်အရပ် - ဥဿပဲခူးပြည်မှရရှိသော စံကားသားဖြင့် ထုလုပ်ထားသော ကကုသန္ဓမြတ်စွာဘုရား




အရှေ့အရပ် - မလ္လာယုကျွန်းမှရသော သရက္ခာန်သားဖြင့် ထုလုပ်သော ကောဏာဂမနမြတ်စွာဘုရား (နောင်တွင် မီးသင့်၍ စံကားသားဖြင့် ပြန်လည်ထုလုပ်)




အနောက်အရပ် - ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား (ပျက်စီးသဖြင့် ကျွန်းသစ်သားဖြင့် အသစ်ပြန်လည်ထုလုပ်)




ကန့်ကူဆံတုံး၊ သို့မဟုတ် အလယ်မဏ္ဍိုင်ကြီး၏ ပတ်လည်လေးဘက် လေးမျက်နှာ၌မတ်ရပ်ဆင်တုတော်ကြီး တစ်ဆူစီအသီးသီးကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များရှိသည်။ ထိုမတ်ရပ်တော်တို့ကား ဤကမ္ဘာ၌ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူတို့ကိုရည်မှန်း၍ ပူဇော်ထားသော ၁၈ တောင်အရပ်တော်ရှိသည့် ရုပ်တုတော်များ ဖြစ်ကြသည်။ အရှေ့မျက်နှာ၌ စံပယ်သော ဆင်းတုတော်ကား မလ္လာယုကျွန်းမှရအပ်သော သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏာဂမန မြတ်စွာဘုရားတည်း။ အနောက်မျက်နှာမှ ရှင်တော် ဘုရားကား ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား၊တောင်မျက်နှာမှ ဘုရားရှင်ကား ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား၊ မြောက်မျက်နှာမှ ရုပ်ထုတော်ကား ဥဿပဲခူးပြည်မှ ဆက်သအပ်သော စံကားသားဖြင့် ထုလုပ်ထားသည့် ကကုသန္ဓမြတ်စွာဘုရားတည်း။ထိုဆင်းတုတော် အသီးအသီး၏ မျက်နှာတော် တူရူအမိုးတွင် မုခ်ပြတင်းငယ်များ ရှိသည်ဖြစ်ရာ ဘုရားရှင် အသီး အသီးတို့၏ ကိုယ်တော်အထက်ပိုင်းပေါ်သို့အလင်းရောင်ကျရောက်၍ လင်းလင်းချင်းချင်းရှိအောင် ဖန်တီးစီရင်ထားလေသည်။ ထိုရုပ်ပွားတော်များအနက် မြောက်မျက်နှာနှင့် တောင်မျက်နှာမှ ရုပ်ပွားတော်များသာလျှင် မူလများဖြစ်ကြသည်။ မြောက်ဘက်နှင့် တောင်ဘက်များရှိ မတ်ရပ်ရုပ်ပွားတော်ကြီး နှစ်ဆူမှာ လက်နှစ်ဖက်ကို ရင်တွင်ကပ်၍ စက်လှည့်နေဟန် (ဝါ) ဓမ္မာစကြာ တရားဟောဟန် လက်အနေအထားဖြင့် ရှိကြသည်။  အရှေ့နှင့် အနောက်အရပ်မှ ရုပ်ပွားတော်များသည်ကား မူလရုပ်ပွားတော်များ ယိုယွင်းပျက်စီးခဲ့ သဖြင့် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားခြင်းများ ဖြစ်လေသည်။သက္ကရာဇ် ၁၂၁၈ ခုနှစ်က အရှေ့မျက်နှာမှ သရက္ခာန်ရုပ်ပွားတော်ကြီးကို တေဇောဓာတ် သင့်သဖြင့် မင်းတုန်းမင်း တရားကြီးကစံကားသားဖြင့် အထက်တည်ရင်းစနစ်အတိုင်း ထုလုပ်ပူဇော်ခဲ့ပေသည်။သက္ကရာဇ် ၁၁ဝ၇ ခုနှစ် ဟံသာဝတီရောက်မင်းလက်ထက်တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် တစ်ကြိမ်၊ အနောက်မျက်နှာမှ ပဉ္စလောဟရပ်တော်မူကိုယ်တော်ကြီးသည်ရန်သူဘေးကြောင့် ပျက်စီးချို့ယွင်းခဲ့ပြန်သည်။ထိုပျက်စီးမှုများကို ပြည်ပိုင်အစိုးရက ကမကတပြု၍ ပြည်သူလူထု၏ စေတနာသဒ္ဓါတရား အကူအညီဖြင့် မူလကဲ့သို့ ပဉ္စလောဟာမဟုတ်သော်လည်း ကျွန်းသစ်ဖြင့် ရှေးမူလတည်လုပ်ခဲ့သော စနစ်အတိုင်းပြုပြင်မွမ်းမံ ပူဇော်ခဲ့ ကြလေသည်။

အတွင်းနံရံအလှဆင်ထားပုံ
=============
စင်္ကြံများရှိ လိုဏ်ကြီးလိုဏ်ငယ်များ၌ ဆင်းတုတော်ငယ် အမြောက်အမြားကိုလည်း ပူဇော်ထားရာ ထိုဆင်းတူတော်များကို လိုဏ်နံရံရှိ မုခ်တုရင်ကွက်များတွင်း ထည့်ထားသည်။ ပထမစင်္ကြံ၏ လိုဏ်နံရံတွင် ဗုဒ္ဓဝင်အခန်းပေါင်း၈ဝ ကို ပန်းတမော့ပညာဖြင့် နဂါးရစ် ကျောက်ရုပ်တုတို့ကို အဆန်းတကြယ် စီရင်ထားသည်။ မုခ်ဦးအထွက် လေးဘက်လေးမျက်နှာတို့၌ ဘုရားအလောင်း ပဋိသန္ဓေ နေတော်မူဟန်၊ ဖွားမြင် တော်မူဟန်၊ ပရိနိဗ္ဗာန်ပြုတော်မူဟန်စသော ဗုဒ္ဓဝင်လာ အခန်းခန်းတို့ကိုကျောက်ရုပ်တု ၆၄ ဆူဖြင့် သရုပ်ဖော်ထားပေသည်။

နံရံမုခ်အထွတ်အထက် အမိုးနှင့်အခြားအခြားသော လိုဏ်မုခ်တို့၌ သွန်းထားအပ်သော ရုပ်တုတော်များကား ဂေါတမဘုရားရှင်သည် ၄၅ ဝါ ပတ်လုံး လူနတ်ဗြဟ္မာ အပေါင်းအား တရားရေအေး တိုက်ကျွေးဟန်ကို ရုပ်လုံးဖော်ထားရာ ရုပ်တုပေါင်း ၁၃ဝ၄ ဆူ ရှိလေသည်။အနောက်မျက်နှာ ဂန္ဓကုဋိတိုက်အတွင်းရှိ ရပ်တော်မူရုပ်ပွားတော်၏ ဝဲယာရုပ်တုတို့တွင် မြောက်ဘက် ရုပ်တုကား ရှင်အရဟံ၊ တောင်ဘက်ရုပ်တုကား ကျန်စစ်မင်းကြီး၏ ရုပ်တုဟုဆိုကြသည်။ အနောက်မုခ် အလယ်၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် ပြည့်စုံသောစက်တော်ရာနှစ်ဆူရှိသည်။ ထိုစက်တော်ရာတို့ကို အချို့က ကျန်စစ်မင်းကြီး၏ကောင်းမှု၊ အချို့က နှောင်းကုသိုလ်ရှင်တို့၏ ကောင်းမှုဟု ဆိုကြသည်။

အာနန္ဒာဘုရား၏ အတွင်းနံရံပတ်လည်တွင် ဗုဒ္ဒဝင်ဆိုင်ရာ ကျောက်ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီများ၊ မင်စာများဖြင့် အလှဆင်ထားသည်။ ယခုအခါ ခေတ်ကာလ ကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏တန်ဘိုးမထား ဖျက်စီးမှုကြောင့်လည်းကောင်း အချို့နေရာများတွင်သာ နံရံဆေးရေးပန်းချီနှင့် မင်စာများကို မြင်တွေ့နိုင်တော့သည်။ကျောက်ဖြင့် ထုလုပ်ထားသော ကျန်စစ်သားမင်းကြီး၏ ရုပ်ထုကိုယနေ့တိုင်တွေ့မြင်နိုင်သည်။

အပြင်ဘက်ပြုလုပ်ထားပုံ
=============
ကုလားကျောင်းမှ အထက်တွင် ရေဆင်း၊ သို့မဟုတ် မိုးလျှော၊ ထိုအထက် ပထမ ပစ္စယာ၊ ထိုနောက်ဒုတိယ ရေဆင်းနှင့် ဒုတိယပစ္စယာတို့ကို အဆင့်ဆင့်ပြုလုပ်ထားသည်။ ပစ္စယာ အဆင့်များတွင် ထောင့်စေတီ များစိုက်ထားသည်။ ဒုတိယပစ္စယာအထက်မှ ပစ္စယာသုံးဆင့်နှင့် ကွမ်းတောင်တက် ပြီးလျှင် စေတီငယ် နှင့်ထီးကို စိုက်ထူထားလေသည် အာနန္ဒာစေတီ၏ အပြင်ဘက်အောက်ခြေပတ်လည်တွင်လည်းကောင်း၊အထက်ပစ္စယာများတွင် လည်းကောင်း၊အထက်ပစ္စယံများတွင်လည်ကောင်းစဉ့်ကွင်းများဖြင့် ပြုလုပ်ထားသည့် နတ်ဗြဟ္မာများက မြတ်စွာဘုရားအား လာရောက်ဖူးမြော်ပုံ၊ မာရ်နတ်စစ်သည်များက မြတ်စွာဘုရားအား စစ်တိုက်ရန်လာကြပုံ၊ (၅၅၀) ဇာတ်နိပါတ်ပုံတော်များဖြင့် အလှဆင်ထားသည်။ ပုံတော်စုစုပေါင်း (၁၄၇၂) ခုရှိသည်။

မုခ်လေးမုခ်လုံး၌ နှစ်ရုပ်စီထားသော မဇ္ဈိမပုရိသ အရုပ်ကြီးရှစ်ရုပ်တို့လည်း ရှိပေသေးသည်။ အာနန္ဒာဘုရား၏ အောက်ခြေအပြင်ဘက် ဖိနပ်ခုံပစ္စယာက မ္ပတ်၊ သို့မဟုတ်ခါးပန်းတစ်လျှောက်တွင် စဥ့်ကွင်းများရှိသည်။ထိုစဉ့်ကွင်းများသည် တောင်ဘက်မုခ်ဖိနပ်ခုံမှ လက်ယာရစ်လှည့်၍ အနောက်ဘက်မုခ် အထိ ရုပ်သွင်သဏ္ဌာန် အမျိုးမျိုး လက်နက်အမျိုးမျိုးတို့ဖြင့် မာရ်နတ်စစ်သည်တို့က ဂေါတမဘုရားရှင်အား စစ်ထိုးလာဟန် စဉ့်ကွင်းရေ ၂၇၇ ခု၊ တောင်ဘက်မုခ်မှ လက်ဝဲလှည့် အရှေ့မုခ်အထိ၊ မြတ်စွာဘုရားအား သိကြား၊ ဗြဟ္မာ၊ နတ်၊ ဘီလူး၊နဂါး၊ ဂဠုန် စသည်တို့က သောင်းသောင်းဖြဖြ ပူဇော်ကြဟန်ကို ပြသော စဉ့်ကွင်း ၂၇၆ ခုတို့ ရှိလေသည်။ အောက်ခြေမုခ်ထွတ်၊အထက်မုခ်ခင်း၊ မကာရ်းပစ္စယာ တို့၌လည်း ခုန်ပေါက်မည့်အလား လည်ဆံဖားဖားဖြင့
်ကြီးမားသောမနုဿီဟအရုပ် ၁၄၈၊ နတ်ရုပ် ၂၈၊ စေတီ ၂၄၊ အထက်ကွန်းတောင်ငူ၌ ရုပ်တုတော် ၂ဝ ရှိသည်။ ထိုပြင် စေတီတော်ကြီး၏ အနောက်တောင်ဘက်မှစ၍ ဧကနိပါတ် အပဏ္ဏကဇာတ်ဖြင့် အစပြု ပြီးလျှင်ဒုတိယပစ္စယာမြောက်မုခ်အထိ အသီတိနိပါတ်၊ မဟာသုတသောမဇာတ်တိုင်အောင် စဉ့်ကွင်း ၅၃၇ ခုလည်းကောင်း၊ ထိုမှ အရှေ့သို့ပတ်၍ မဟာနိပါတ် မုဃပက္ခဇာတ်တော်မှစပြီးလျှင် ဇာတ်တော်ကြီး ဆယ်ဘွဲ့မှ အခန်းခန်းတို့ကို အဆင့်ဆင့်သော ပစ္စယာတို့၌ စဉ့်ကွင်းရေ ၃၇ဝ ဖြင့်လည်းကောင်း၊ ရှုမငြီး ဖွယ်ရာ တန်ဆာဆင်ယင် ဖန်တီးစီရင်ထားလေသည်။အဆိုပါ စဉ့်ကွင်းများ၏အောက်ခြေတို့တွင် မွန်ဘာသာဖြင့်လည်းကောင်း၊ ပါဠိဘာသာဖြင့် လည်းကောင်း ကမ္ပည်းထိုးထားသည်။ထိုကမ္ပည်းစာများသည် ရဟန္တာအရှင်မြတ်တို့၏ မျက်မှောက်၌ ရေးထုအပ်သည် ဖြစ်၍ထိုကမ္ပည်းစာများ တင်ပြီးသည်မှ အစပြုပြီးလျှင် ဘိုးတော်မင်းတရားလက်ထက်တိုင်အောင်ပုဒပ်ပါဌ် အက္ခရာ သံသယရှိသော ပုဂ္ဂိုလ်တို့သည် ထိုစဉ့်ကွင်းကမ္ပည်းအက္ခရာများနှင့် တိုက်ဆိုင်ကြည့်ရှု အတည်ပြုကြောင်း အချို့ ဆိုကြလေသည်။

ပုဂံတွင်ရှိသော စေတီပုထိုးများထဲတွင် အာနန္ဒာစေတီသည် လက်ရာအမြောက်ဆုံး၊ အနုအစိတ်ဆုံး၊ ဘုရားအဖြစ် ကျော်ကြားသည်။ အာနန္ဒာစေတီ၏ အနုလက်ရာများကို လေ့လာခြင်းဖြင့် ရှေးမြန်မာတို့၏ ဗိသုကာပညာကို သိရှိနိုင်ပါသည်။

ဉာဏ်တော်နှင့် အကျယ်အဝန်း
==================

အာနန္ဒာဘုရား၏ မုခ်နုရင်းများတွင် အဆော်များသည် ခြငေ်္သ့ရုပ်များဖြစ်သည်။ တုရင်အထွတ်ရှိ အဆင် တန်ဆာတို့သည် ရွဲပုလဲနှင့်ကြာဖတ်တို့ဖြင့် ဆင်ယင်ထားသည်။ အခြားမုခ် အငယ်စားများနှင့် ပြတင်းများ၌လည်း အထွတ်များတွင် ထိုနည်းအတိုင်းပင်ဖြစ်လေသည်။ ရှေးသမိုင်းဟောင်းများ၏ အဆိုအရ အာနန္ဒာဘုရား၏ အတိုင်းအတာတို့ကား စေတီကုလားကျောင်းအရှေ့မျက်နှာ၊ တောင်မြောက် အဝန်းအဝိုင်း အချင်းသည် ၁၁၅ တောင်၊ အရုဏ်ခံ မုခ်နှစ်ဖက် ၃၃ တောင် လေးသစ်စီရှိပေရာ၊ လေးမျက်နှာပတ်လည် အဝန်းအဝိုင်းအချင့်ကား ၇၂၅ တောင် တမိုက်ရှိသတည်း။ အရပ်တော် ပမာဏမှာ အောက်ခြေဖိနပ်တော်မှသည် ထီးတော်ဖျားအထိ ၁၂၅ တောင်နှစ်မိုက် လေးသစ်ရှိသည် ဟုဆိုလေသည်။

ကျောက်စာရုံးက ထုတ်ပြန်သောအတိုင်းအတာကား အောက်ပါအတိုင်း ဖြစ်ပေသည်။

အရှေ့၊ အနောက် အလယ်မဏ္ဍိုင်ကြီး ၈၈ ပေစီ၊
တောင်၊ မြောက် ပထမအတွင်းလမ်းအနံ၊ ခြောက်ပေ ခြောက်လက်မစီ
အရှေ့၊ အနောက် ပထမအတွင်းလမ်းအလျား ပေ ၁ဝဝ စီ
တောင်၊ မြောက် ဒုတိယအတွင်းလမ်း အနံ ရှစ်ပေစီ
အရှေ့၊ အနောက် ဒုတိယအတွင်းအလျား ၁၄၇ပေ
တောင်၊ မြောက် ၆လက်မစီ
အရှေ့၊ အနောက် စေတီကုလားကျောင်း ၁၇၅ ပေစီ
တောင်၊ မြောက် မုခ်တစ်ဖက်တစ်ဖက်လျှင် အလျား ၇၅ ပေစီ လည်းကောင်း အနံ၈၈ ပေ ၊ ခြောက်လက်မစီ မုခ်အဝင်လမ်းအကျယ် ဆယ်ပေစီ ဖြစ်ပေသည်။

ကျန်စစ်သားမင်းတရာကြီးသည် အာနန္ဒာစေတီတော်မြတ်
တည်ဆောက်ပြီးမြောက်လျှင် မီးတား မဟာရံနှင့် တကွ ဝတ္ထုကံမြေ အရာမ်စောင့် ကျွန်သီးတော်တို့ကိုပါ လှူဒါန်း၍ ရွှေကရားဖြင့် ရေစက်သွန်းချလေသည်။

အာနန္ဒာစေတီတော်ကြီးသည် တည်ထားလုပ်ကိုင်ပုံ အလွန် သပ်ရပ်၍ ဆန်းကြယ် ခန့်ညား တင့်တယ်လှပ ပေသည်။ ထိုကြောင့် အာနန္ဒာဘုရား တည်ဆောက်ရာ၌ မြန်မာဗိသုကာလက်ရာ အထွက်အထိပ်
ရောက် သည်ဟု ဆိုကြသည်။ ထိုဘုရားကြီးကား နိုင်ငံခြားသုတေစ်ဦးများအား ဂုဏ်ယူဝင့်ကြွားစွာ ညွှန်ပြနိုင်သော မြန်မာ့ဗိသုကာလက်ရာမွန်တစ်ရပ်လည်းဖြစ်ပေ သည်။

အာနန္ဒာဘုရားပွဲတော်
============
ထိုဘုရားကြီး၏ ပွဲတော်ကို နှစ်စဉ် ပြာသိုလ၌ သိုက်မြိုက် ခမ်းနားစွာ ကျင်းပသည်။

ကိုးကား
===========
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ

Comments

Popular posts from this blog

ဗူးဘုရား

ဓမ္မရံကြီးဘုရား

စူဋ္ဌာမဏိဘုရား သမိုင်း