စူဋ္ဌာမဏိဘုရား သမိုင်း စူဋ္ဌာမဏိဘုရားသည် နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)၏ ကုသိုလ်တော်ဖြစ်သည်။ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား တောထွက်ပြီးနောက်ရဟန်းဘောင်သို့ဝင်သောအခါ ဆံတော်ကိုပယ်ပြီး "ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဆိုလျှင် မြေပြင်သို့ပြန်မကျစေသတည်း" ဟူ၍ အဓိဌာန် ပြုကာ ကောင်းကင်သို့ ပစ်တင်တော်မူခဲ့သည်။ ဆံတော်ကို သိကြားမင်းသည် ရတနာရွှေကြုတ်နှင့် ခံယူကာ ဆံတော်ကို ဌာပနာပြီး စေတီတည်ခဲ့သည်။ ထိုစေတီသည် စူဋ္ဌာမဏိဘုရားဖြစ်သည်။ နရပတိစည်သူမင်းသည် ထိုစေတီ၏ ဘွဲ့အမည်ခံယူကာ သူ၏ကုသိုလ်တော်ကို တည်ခဲ့သည်ဟုလည်းဆိုကြသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီးတွင် - “ပြည်သူလူတကာတို့ စီးပွားကိုဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ်အလို့ငှာ၊လိုဏ်နှစ်ဆင့် ရှိသောကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူဋ္ဌာမဏိဟူသော အမည်ကို သမုတ်တော်၏” ဟုလည်းတွေ့ရသည်။ ...